ရာသီ ခါမီ ပွဲတော်ဆီသို့
“ရိုးရာယဉ်ကျေးမှုတို့ ထွန်းကားရာ မြန်မာဟေ့မြန်မာ” လို့ ကြွေးကြော်နိုင်လောက်တဲ့ မြန်မာ့အထင်ကရ အကြောင်းအရာတွေကိုပြောမယ်ဆိုရင် ၁၂ လရာသီရဲ့အကြောင်းကလည်း အပါအဝင်ဖြစ်ပါတယ်။ ဆယ့်နှစ်လရာသီမှာ တစ်ရာသီချင်းစီအလိုက် ရိုးရာဓလေ့ပွဲတော်တွေရှိပြီး အမတ်သရေသင်္ခယာကတော့ ၁၂ လရာသီရဲ့ ပွဲတော်ဆယ့်နှစ်မျိုးအကြောင်းကို “သင်္ကြန်တာကူး ၊ နှစ်ဦးညောင်ရေ ၊ စာပလွေခင်း ၊ ပဉ္စင်းတော်ခံ ၊ စာရေးတံ၊ မြစ်ယံပွဲကြီး ၊ ဆီမီးထွန်းချိန် ၊ ကထိန်၊ နတ်ကျင်း၊ မြင်းခင်း ၊ ထွက်ဝင်၊ သဘင်မီးဖုံး ၊ ဂူလုံးသဲပုံ ၊စေ့စုံစီလျဉ် ဤသို့ယှဉ်သား၊ လစဉ်စမြဲ ဆယ့်နှစ်ပွဲ” ဆိုပြီး ဖွဲ့ဆိုခဲ့ပါတယ်။ ဒီလိုဖွဲ့ဆိုထားတဲ့ ဆယ့်နှစ်လရာသီအကြောင်းကိုတော့ ‘‘ရာသီခါမီ ပွဲတော်ဆီသို့ ’’ဆိုတဲ့ အစီအစဉ်လေးကနေတစ်ဆင့် တင်ဆက်ပေးလိုက်ပါတယ်။