မင်္ဂလာပါ ချစ်ပရိသတ်ကြီး… မာလာရှမ်းကော၊ Hot Pot တို့မှာ ထည့်စားလေ့ရှိတဲ့ စားကောင်းပြီး ကျန်းမာရေးကိုလည်း အထောက်အကူပေးတဲ့ အပ်မှို (Enoki Mushrooms) အကြောင်းကို ဒီတစ်ပတ်ရဲ့ Health Tips အစီအစဉ်အတွက် MIRadio ကနေ မျှဝေ ပေးသွားမှာဖြစ်ပါတယ်။
အပ်မှိုစားခြင်းဟာ ကိုယ်ခံစွမ်းအားကို မြင့်မားစေပါတယ်။ အပ်မှိုထဲမှာဆိုရင်တော့ အမျှင်ဓာတ်၊ niacin လို့ခေါ်တဲ့ Vitamin B3၊ pantothenic acid လို့ခေါ်တဲ့ Vitamin B5၊ thiamine လို့ခေါ်တဲ့ Vitamin B1 အစရှိတဲ့ Vitamin B အုပ်စုများစွာ ပါဝင်ပါတယ်။ အဲ့တာတွေအပြင် အပ်မှိုထဲမှာ linoleic acid ပါ၀င်တာကြောင့် အစာအိမ်ထဲမှာရှိတဲ့ မကောင်းတဲ့အဆီများစွာကို လျှော့ချပေးပါတယ်။ ထို linoleic acid ဟာ ကလီစာအတွင်းမှာရှိတဲ့ မလိုအပ်တဲ့ အဆီတွေကို လောင်ကျွမ်းစေနိုင်တဲ့ အင်ဇိုင်းများကို လှုံ့ဆော်ပေးနိုင်စွမ်း ရှိတာကြောင့် အစာအိမ်ထဲမှာရှိတဲ့ အဆီပိုတွေသာမက ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အဆီပိုတွေကို လျှော့ချဖို့ပါ ကူညီပေးနိုင်ပါတယ်။
ကင်ဆာဆဲလ်အမျိုးအစားပေါင်းများစွာ၏ ကြီးထွားမှုနှင့် ပျံ့နှံ့မှုကို အပ်မှို စားသုံးခြင်းဖြင့် လျှော့ချပေးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကင်ဆာရောဂါကို ကာကွယ်နိုင်စွမ်းရှိတဲ့ အန်တီအောက်ဆီဒင့် (antioxidants) ပမာဏ မြင့်မားတာကြောင့် ဖြစ်ပါတယ်။ ထို့အပြင် အပ်မှိုဟာ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေထဲမှာ ပါဝင်တာကြောင့်မို့ သွေးအားနည်းတတ်သူတွေအတွက်ကတော့ အပ်မှိုစားသုံးခြင်းဟာ သွေးအားနည်းခြင်းကို လျှော့ချပေးနိုင်တဲ့အပြင် ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ သံဓာတ်ပမာဏကိုပါ မြှင့်တင်ပေးနိုင်ပါတယ်။
အပ်မှို ထဲမှာ အမိုင်နိုအက်ဆစ် (Amino Acid) များစွာ ပါ၀င်ပါသေးတယ်။ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုကို ထောက်ပံ့ပေးနိုင်ပြီး မှတ်ဉာဏ် စွမ်းအားကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ ကလေးများ၏ ကျန်းမာသန်စွမ်းမှု၊ ဉာဏ်ရည်ဉာဏ်သွေး ကောင်းမွန်လာစေရန်နှင့် အရွယ်ရောက်ပြီးသူများ၏ မှတ်ဉာဏ်ကို ပိုမိုကောင်းစေရန်အတွက် အပ်မှိုစားခြင်းဟာ အလွန်ကောင်းမွန်ပါတယ်။
ဒီတစ်ပတ်ရဲ့ Health Tips အစီအစဉ်ကနေ MIRadio ရဲ့ ပရိသတ်တွေအတွက် အပ်မှိုစားခြင်းကြောင့် ရရှိလာမယ့် အကျိုးကျေးဇူးများအကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။ နောက်တစ်ပတ်တွေမှာလည်း ယခုအပတ်လိုမျိုး ကျန်းမာရေးနဲ့သက်ဆိုင်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာလေးတွေကို တင်ဆက်ပေးသွားဦးမှာဖြစ်လို့ စောင့်မျှော်ပေးကြပါဦး….။🙋🏻♂️
MIRadio ရဲ့ ချစ်ပရိသတ်တွေ ကျန်းမာရွှင်လန်းကြပါစေ လို့ဆုတောင်းပေးလိုက်ပါတယ်။🙏