ကော်ဖီသောက်သုံးတဲ့ယဉ်ကျေးမှုဟာဆိုရင် ၁၅ ရာစုက စတင်ထွန်းကားလာခဲ့တာဖြစ်ပြီး လက်ရှိမျက်မှောက်ခေတ်မှာတော့ အချို့သောကမ္ဘာ့နိုင်ငံအသီးသီးရဲ့ လူဦးရေ ၅၀ ရာခိုင်နှုန်းကျော်ဟာ ကော်ဖီကို စွဲလမ်းနှစ်ခြိုက်စွာသောက်သုံးနေကြတာကို တွေ့ရပါတယ်။ ဒီလိုသောက်သုံးတဲ့အခါမှာ မည်သည့်ဓာတုဗေဒအရောအနှောမှမပါဝင်တဲ့ သဘာ၀ကော်ဖီမှုန့်စစ်စစ်ကိုပဲ စနစ်တကျအချိန်ယူဖျော်စပ်ပြီးမှ သောက်သုံးတဲ့သူတွေရှိသလို အသင့်ဖျော်ကော်ဖီထုပ်တွေကိုပဲ လွယ်လင့်တကူဝယ်ယူပြီး ဖျော်သောက်တဲ့သူတွေရှိပါတယ်။ အသင့်ဖျော်ကော်ဖီတွေဟာဆိုရင် ရေနွေးတစ်ခွက်ရှိရုံနဲ့ လွယ်ကူလျင်မြန်စွာပြင်ဆင် သောက်သုံးနိုင်ပြီး စျေးနှုန်းကလည်း သဘာ၀ကော်ဖီမှုန့်တွေထက် ပိုမိုချိုသာတာကြောင့် မြို့ကြီးပြကြီးတွေမှာသာမက ကျေးလက်တောရွာဘက်တွေမှာပါ အသင့်ဖျော်ကော်ဖီထုပ်တွေကိုပဲ အဓိကထားသောက်သုံးကြတာကိုတွေ့ရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်အတွက် Health Tips အစီအစဉ်မှာတော့ အသင့်ဖျော်ကော်ဖီတွေသောက်သုံးရခြင်းနဲ့ပတ်သက်ပြီးရရှိလာနိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေအကြောင်းကို တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။
အသင့်ဖျော်ကော်ဖီတွေကလည်း သဘာ၀ကော်ဖီအစေ့တွေကနေ ထုတ်လုပ်ထားတာတွေဖြစ်လို့ သူ့မှာပါ၀င်တဲ့အကျိုးကျေးဇူးက ပုံမှန်သဘာ၀ကော်ဖီတွေရဲ့ကောင်းကျိုးတွေအတိုင်းဖြစ်တယ်လို့ ဆိုရမှာပါ။ ကော်ဖီမှာဆိုရင် ခန္ဓာကိုယ်ကျန်းမာရေးအတွက် အကျိူးဖြစ်ထွန်းစေတဲ့ Antioxidants (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) တွေအများဆုံးပါဝင်ပါတယ်။ လေ့လာတွေ့ရှိမှုတွေအရဆိုရင် အသင့်ဖျော်ကော်ဖီတွေမှာတော့ ပြုပြင်ထုတ်လုပ်ထားတဲ့နည်းလမ်းတွေကြောင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်မှုပမာဏဟာ အခြားဖျော်ရည်တွေထက် ပိုမိုမြင့်မားပြီး ပုံမှန်ကော်ဖီတစ်ခွက်မှာဆိုရင် ကယ်လိုရီပမာဏအားဖြင့် (၇) မျှသာရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်နဲ့ နိုင်ယာစင် (ဗီတာမင် B3) တို့လည်း အနည်းငယ်စီပါဝင်ပါတယ်။
အသင့်ဖျော်ကော်ဖီတွေရဲ့ နောက်ထပ်ကောင်းကျိုးတစ်ခုကတော့ ကဖင်းဓာတ်နည်းပါးခြင်းပါပဲ။ ကော်ဖီမှာ ကဖင်းဓာတ်ပါဝင်မှု နည်းပါးတယ်ဆိုတာက အနည်းငယ်တော့ထူးဆန်းတယ်ဆိုပေမယ့် သုတေသနပြုချက်တွေအရတော့ အသင့်ဖျော်ကော်ဖီတွေမှာ ပါဝင်တဲ့ကဖင်းဓာတ်ပမာဏဟာ ပုံမှန်ကော်ဖီတွေမှာပါဝင်တဲ့ ပမာဏထက်အနည်းငယ်နည်းတယ်လို့ သိရပါတယ်။ အသင့်ဖျော်ကော်ဖီ တစ်ခွက်မှာက ကော်ဖီမှုန့်တစ်ဇွန်းသာပါဝင်တာကြောင့် ကဖင်းဓာတ်က ၃၀ မီလီဂရမ်ကနေ ၉၀ မီလီဂရမ် အထိသာရှိနိုင်ပြီး ပုံမှန် သဘာ၀ကော်ဖီတွေမှာတော့ ကဖင်းဓာတ် ၇၀ မီလီဂရမ်ကနေ ၁၄၀ မီလီဂရမ်အထိပါဝင်ပါတယ်။ ဒါကြောင့် ကဖင်းဓာတ်ကို အနည်းငယ်မျှသာလိုအပ်ကြတဲ့သူတွေအဖို့တော့ အသင့်ဖျော်ကော်ဖီထုပ်တွေက အကောင်းဆုံးရွေးချယ်မှု ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ကဖင်းဓာတ်ကို လိုအပ်တာထက်ပိုမိုသောက်သုံးမိတယ်ဆိုရင်တော့ စိုးရိမ်ကြောင့်ကြမှုများပြားခြင်း၊ အိပ်မပျော်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ကတုန်ကယင်ဖြစ်ခြင်းနဲ့ ရင်တုန်ခြင်းတို့ဖြစ်ပေါ်လာနိုင်ပါတယ်။
အသင့်ဖျော်ကော်ဖီတွေမှာပါဝင်တဲ့ နောက်ထပ်ဓာတုဗေဒပစ္စည်းတစ်မျိုးကတော့ ကော်ဖီစေ့တွေကို လှော်တဲ့အချိန်တွေမှာ ထွက်ပေါ်လာတတ်တဲ့ Acrylamide ပါပဲ။ ဒီဓာတုဗေဒပစ္စည်းကို အစားအစာတွေ၊ မီးခိုးငွေ့တွေ၊ အိမ်သုံးပစ္စည်းတွေနဲ့ တစ်ကိုယ်ရည်ထိန်းသိမ်းမှုဆိုင်ရာထုတ်ကုန်တွေမှာတွေ့ရလေ့ရှိပြီး အသင့်ဖျော်ကော်ဖီတွေမှာတော့ လတ်လတ်ဆတ်ဆတ်နဲ့ လှော်ထားတဲ့သဘာ၀ကော်ဖီမှာထက် နှစ်ဆပါဝင်တာကိုတွေ့ရတယ်လို့ဆိုပါတယ်။ Acrylamide ကို အလွန်အကျွံ သောက်သုံး မိမယ်ဆိုရင်တော့ အာရုံကြောထိခိုက်ပျက်စီးခြင်းနဲ့ ကင်ဆာဖြစ်နိုင်ချေမြင့်တက်ခြင်းတို့ဖြစ်ပေါ်နိုင်ပါတယ်။ ဒါပေမယ့် ကော်ဖီနဲ့ အစားအစာတွေမှာပါဝင်တဲ့ Acrylamide ဓာတ်ပမာဏက အန္တရာယ်ဖြစ်နိုင်တဲ့အထိမများပြားတာကြောင့် အသင့်ဖျော်ကော်ဖီ သောက်သုံးသူတွေအနေနဲ့ စိတ်ချစွာသောက်သုံးနိုင်ပါတယ်။
အသင့်ဖျော်ကော်ဖီတွေမှာ ပုံမှန်သဘာ၀ကော်ဖီတွေအတိုင်း ကျန်းမာရေးအတွက် များစွာအထောက်အကူပြုတဲ့ အကျိုးကျေးဇူးတွေလည်းရှိပါသေးတယ်။ အသင့်ဖျော်ကော်ဖီတွေသောက်သုံးခြင်းအားဖြင့်
– ဦးနှောက်ရဲ့လုပ်ဆောင်နိုင်ချက်ကို မြှင့်တင်ပေးနိုင်ခြင်း။
– ဇီ၀ဖြစ်စဉ် မြင့်တက်စေခြင်း။
– ဦးနှောက်နဲ့အာရုံချို့ယွင်းမှုရောဂါ၊ အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ခြင်း။
– ဆီးချိုဖြစ်နိုင်ချေကို လျှော့ချပေးခြင်း။
– အသည်းကျန်းမားရေးကို ကောင်းမွန်စေခြင်း။
– စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို တိုးတက်စေခြင်း။
အစရှိတဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကိုရရှိနိုင်ပါတယ်။ ဒါပေမယ့်လည်း “တန်ဆေး လွန်ဘေး” ဆိုတဲ့ စကားအတိုင်း ကော်ဖီသောက်သုံးရာမှာ သဘာ၀ကော်ဖီအမှုန့်ကိုဖြစ်စေ၊ အသင့်ဖျော်အထုပ်တွေကိုဖြစ်စေ အလွန်အကျွံ သောက်သုံးမိမယ်ဆိုရင်တော့ ကျန်းမာရေးကို အနည်းနဲ့အများဆိုသလို ထိခိုက်စေမှာ အသေအချာပါပဲ။ တကယ်လို့များ သင်က ကော်ဖီကို နှစ်သက်စွဲလမ်းတယ်ဆိုရင်တောင်မှ တစ်နေ့ကို ၃ ခွက်ထက် ပိုမိုမသောက်သုံးသင့်ဘူးလို့ သုတေတန ပညာရှင်တွေက အကြံပြုထားကြပါတယ်။
ဒီလောက်ဆိုရင်တော့ အသင့်ဖျော်ကော်ဖီတွေနဲ့ပတ်သက်ပြီးရရှိလာနိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေအကြောင်းကို နားလည်သဘောပေါက်မယ်လို့ ထင်ပါတယ်နော်။ နောက်တစ်ပတ်အတွက် Health Tips အစီအစဉ်မှာရော ကျန်းမားရေးနဲ့သက်ဆိုင်တဲ့ ဘယ်လိုမျိုးအကြောင်းအရာတွေကို တင်ဆက်ပေးသွားမလဲဆိုတာ စောင့်မျှော်ပေးကြပါဦး။ ဖတ်ရှုအားပေးကြတဲ့ ပရိသတ်တစ်ယောက်ချင်းဆီတိုင်းကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ အားလုံးပဲ ကျန်းမာပျော်ရွှင်တဲ့ နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။