ခေတ်မှီနည်းပညာတွေဖွံ့ဖြိုးတိုးတက်နေတဲ့ ဒီနေ့လိုခေတ်အချိန်အခါမျိုးမှာ လူသားတွေအတွက် ထိတွေ့မှု အများဆုံးသောအရာကတော့ ဒစ်ဂျစ်တယ်ပစ္စည်းတွေပဲဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်ပစ္စည်းလို့ဆိုရာမှတော့ ခေတ်မှီပြီး ဆန်းသစ်တဲ့နည်းပညာတွေနဲ့ ထုတ်လုပ်ထားတဲ့စက်ပစ္စည်းတွေအားလုံးပါဝင်ပြီး အဲဒီထဲကမှ လူတွေနဲ့ နေ့တဓူ၀ အမြဲတမ်းလိုလိုအတူရှိနေတဲ့အရာတွေကတော့ ဖုန်း၊ ကွန်ပြူတာ၊ တီဗွီအစရှိတဲ့ ဖျော်ဖြေရေးနဲ့ ဆက်သွယ်ရေး ဆိုင်ရာ ပစ္စည်းတွေဖြစ်တာကို တွေ့ရပါတယ်။ ဒီလိုမျိုးဖုန်းတွေ၊ ကွန်ပြူတာတွေနဲ့ တီဗွီတွေကို တစ်နေ့တာလုံးနီးပါး အသုံးပြုရတဲ့သူတွေမှာဆိုရင် တခြားသူတွေထက် မျက်စိကျန်းမာရေးပြဿနာကို ပိုမိုတွေ့ကြုံရနိုင်ချေများတာ ကြောင့် ဒီတစ်ပတ်အတွက် Health Tips အစီအစဉ်မှာတော့ “ဒစ်ဂျစ်တယ်ပစ္စည်းများနှင့်မျက်စိကျန်းမာရေး” အကြောင်းကို ဆွေးနွေးတင်ဆက်ပေးသွားချင်ပါတယ်။
ဒစ်ဂျစ်တယ်စက်ပစ္စည်းအသုံးများသူတွေ၊ တစ်နည်းအားဖြင့် ဖုန်းနဲ့ ကွန်ပြူတာအသုံးများတဲ့သူတွေမှာဆိုရင် အမြင်အာရုံထိခိုက်ချို့ယွင်းမှုတွေက ပိုမိုအဖြစ်များတာကြောင့် လူတွေအများစုက ဖုန်းနဲ့ ကွန်ပြူတာတွေရဲ့ ဖန်သားပြင်တွေဟာ မျက်စိအတွက်အန္တာရယ်ဖြစ်စေနိုင်တယ်လို့ ထင်တတ်ကြပါတယ်။ ဒီအချက်ဟာယျေဘူယျ အားဖြင့် မှန်တယ်လို့ဆိုနိုင်ပေမယ့်လည်း တကယ်တမ်းမှာတော့ အဲဒီဖန်သားပြင်တွေမှာ မျက်စိကို ဆိုးဝါးစွာ ထိခိုက်စေနိုင်တဲ့ ရေဒီယိုသတ္တိကြွမှုတွေနဲ့ ရောင်ခြည်တွေက ထင်ထားသလောက်များပြားစွာမပါဝင်ဘူးလို့ ဆိုပါတယ်။
ဒါပေမယ့် နေမှာပါဝင်တဲ့ Blue Light တွေကတော့ ဒစ်ဂျစ်တယ်ဖန်သားပြင်တွေမှာပါဝင်တာကို တွေ့ရပါတယ်။ အဲဒီအလင်းတန်းတွေရဲ့ထိတွေ့မှုနှုန်းပမာဏဟာ နေရောင်ခြည်ထဲက Blue Light တွေကို ထိတွေ့ရတာယှဉ်ရင် နည်းပါးပေမယ့်လည်း နေ့စဉ်ရက်ဆက်ဆိုသလို ထိတွေ့မှု အချိန်ကာလတွေကြာမြင့်လာတဲ့ အခါမှာတော့ မျက်စိအတွက် ထိခိုက်မှုတွေ၊ ဆိုးကျိုးတွေဖြစ်ပေါ်လာနိုင်ပါတယ်။ လေ့လာစမ်းသပ်မှုတွေအရဆိုရင် ဒစ်ဂျစ်တယ်ပစ္စည်းတွေမှာပါဝင်တဲ့ Blue Light ဟာ လူကြီးတွေရဲ့မျက်စိတွေထက် ကလေးငယ်တွေရဲ့မျက်စိကို ပိုမိုသက်ရောက်မှုတွေရှိပြီး ထိခိုက်မှုတွေဖြစ်စေတယ်လို့ သိရပါတယ်။
နေရောင်ခြည်မှာပါဝင်တဲ့ Blue Light ဟာ ခန္ဓာကိုယ်ကျန်းမာရေးကောင်းမွန်ဖို့အတွက် တစ်စိတ်တစ်ဒေသ ပါဝင်တယ် ဆိုပေမယ့်လည်း ဖုန်းနဲ့ ကွန်ပြူတာတို့မှ Blue Light တွေကတော့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အကြောင်းအရာတွေ ဖြစ်လာစေနိုင်ပါတယ်။ ဥပမာ သင်က အိပ်ခါနီးအချိန်မှာ ဖုန်းကြည့်တတ်တဲ့ အကျင့်ရှိတဲ့သူ ဖြစ်တယ်ဆိုပါက ဖုန်း (သို့မဟုတ်) Tablet တို့ရဲ့ဖန်သားပြင်မှအလင်းရောင်တွေဟာ သင့်မျက်စိကိုသာမက အိပ်စက်မှု ပုံစံကိုပါ ထိခိုက်မှုတွေ ဖြစ်ပေါ်စေပြီး အိပ်ရေးပျက်မှုကြောင့် တခြားသောကျန်းမာရေးပြဿနာတွေကိုဖြစ်ပေါ် လာစေနိုင်ပါတယ်။
ဖုန်း၊ ကွန်ပြူတာနဲ့ Tablets တို့လိုမျိုး ဒစ်ဂျစ်တယ်ပစ္စည်းတွေရဲ့ ဖန်သားပြင်မှာပါဝင်တဲ့ Blue Light တွေဟာဆိုရင် မျက်ကြည်လွှာနဲ့ မျက်တွင်းမှန်ဘီလူးတို့ကိုဖြတ်သန်းသွားပြီးနောက်မှာ မျက်ကြောလွှာကို ရောက်ရှိသွားပြီး အမြင်အာရုံကိုထိခိုက်လာစေတာကြောင့် အရွယ်မတိုင်ခင်မှာ အမြင်မှုန်ဝါးခြင်းကိုဖြစ်လာ စေနိုင်ပါတယ်။ Blue Light ကြောင့်ဖြစ်လာနိုင်တဲ့ မျက်စိပြဿနာတွေထဲမှာဆိုရင် မျက်စိညောင်းညာခြင်းနဲ့ မျက်ကြောလွှာထိခိုက်ခြင်း တို့ကတော့ အဖြစ်များဆုံးဖြစ်တာကိုတွေ့ရပါတယ်။
ကွန်ပြူတာကိုအချိန်ကြာမြင့်စွာအသုံးပြုခြင်း၊ မျက်လုံးခြောက်ခြင်းနဲ့ အလင်းရောင်ကောင်းစွာမရခြင်း တို့ဟာဆိုရင် မျက်စိညောင်းညာခြင်းကိုဖြစ်ပေါ်လာစေနိုင်တဲ့ အကြောင်းအရင်းတွေဖြစ်ပြီး မျက်စိညောင်းညာမှု ဖြစ်နေတာကို သိသာစေတဲ့လက္ခဏာရပ်တွေထဲမှာတော မျက်စိနာခြင်း (သို့မဟုတ်) ယားယံခြင်းနဲ့ အာရုံစူးစိုက်ရ ခက်ခဲခြင်းတို့ ပါဝင်ပါတယ်။ လေ့လာတွေ့ရှိမှုတွေအရဆိုရင် Blue Light ကို အချိန်ကြာမြင့်စွာဆက်တိုက် ထိတွေ့ခြင်းက မျက်ကြောလွှာထိခိုက်ခြင်းကို ဖြစ်ပေါ်လာစေတာကြောင့် အသက်အရွယ်နဲ့သက်ဆိုင်တဲ့ အမြင်အာရုံ ထိခိုက်မှု ပြဿနာတွေကိုဖြစ်လာစေနိုင်ပါတယ်။
ဒစ်ဂျစ်တယ်ပစ္စည်းတွေနဲ့ကင်းကွာလို့မရနိုင်တဲ့ ဒီလိုခေတ်ကြီးထဲမှာတော့ Blue Light ယတိပြတ်ဆိုသလို ဖြတ်တောက်ပစ်လို့ မရနိုင်ပါဘူး။ ဒါပေမယ့် ထိတွေ့မှုတွေကိုတော့ နည်းလမ်းအချို့နဲ့ကာကွယ်လို့ရနိုင်သလို လျှော့ချလို့လည်းရပါတယ်။ အဲဒီနည်းလမ်းတွေကတော့ ….
Screen Time လျှော့ချခြင်း
Blue Light တွေနဲ့ ထိတွေ့မှုကိုလျှော့ချဖို့အတွက် အကောင်းဆုံးနဲ့ အရိုးရှင်းဆုံးနည်းလမ်းတစ်ခုကတော့ ဖုန်း၊ ကွန်ပျူတာ၊ တီဗွီနဲ့ Tablet တို့လိုမျိုး ဒစ်ဂျစ်တယ်ပစ္စည်းတွေကို အချိန်တစ်ခုသတ်မှတ်ပြီးအသုံးပြုသင့်ပါတယ်။ လုပ်ငန်းခွင်မှာ ကွန်ပြူတာအသုံးပြုရတဲ့သူတွေအနေနဲ့ဆိုရင် ကွန်ပျူတာအရှေ့ကနေ ထိုင်ရာမှမထဘဲ အလုပ်လုပ် နေတာထက် မျက်စိကို မိနစ်ပိုင်းမျှအနားပေးပြီး အလုပ်လုပ်တာက ပိုမိုသင့်တော်တယ်လို့ မျက်စိကျန်းမာရေး ပညာရှင်တွေက အကြံပြုထားကြပါတယ်။ မိဘတွေအနေနဲ့လည်း မိမိတို့ရဲ့ကလေးငယ်တွေကို Screen Time တစ်ခု သေချာသတ်မှတ်ပေးထားသင့်တယ်လို့ ဆိုပါတယ်။
Eye Protect Filter အသုံးပြုခြင်း
ယနေ့ခေတ်နောက်ပိုင်းထွက်ရှိလာတဲ့ဖုန်းတွေမှာဆိုရင် ဖန်သားပြင်မှအလင်းရောင်ကြောင့် မျက်စိ ထိခိုက်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ Filters တွေပါဝင်လာနေပြီဖြစ်တာကြောင့် သင့်အနေနဲ့ ဖုန်းတွေ၊ Tablets တွေ အသုံးပြုတဲ့အခါမှာ ဒီ Filters တွေကို ဖွင့်ထားပြီးအသုံးပြုသင့်ပါတယ်။
Computer Glasses တပ်ဆင်ခြင်း
ကွန်ပြူတာအသုံးများသူတွေအနေနဲ့ကတော့ Blue Light နဲ့ တိုက်ရိုက်ထိတွေ့မှုကို ကာကွယ်ပေး နိုင်ဖို့အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ မျက်မှန်တွေကိုတပ်ဆင်အသုံးပြုသင့်ပြီး ဒီလိုအသုံးပြုခြင်းအားဖြင့် မျက်စိ ညောင်းညာခြင်းကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် အလုပ်စားပွဲနေရာကို သက်တောင့်သက်သာဖြစ်အောင် ပြင်ဆင်ပြီး ထိုင်ခြင်းဟာလည်း ကွန်ပြူတာအကြည့်များမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ မျက်စိပြဿနာအပြင် တခြားကျန်းမားရေးပြဿနာတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။
မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်တာက အကောင်းဆုံးကုသခြင်းဖြစ်တယ်ဆိုတဲ့အတိုင်း လူ့ခန္ဓာကိုယ်ရဲ့အရေးကြီးဆုံး အစိတ်အပိုင်းဖြစ်တဲ့ မျက်စိကိုလည်း သင့်အနေနဲ့ အကောင်းဆုံး ကြိုတင် ကာကွယ်ဖို့အတွက် တိုက်တွန်းချင်ပါတယ်နော်။ နောက်လာမယ့် Health Tips အစီအစဉ်တွေမှာရော ဘယ်လိုမျိုးသိရှိထားသင့်တဲ့ ကျန်းမာရေးဗဟုသုတတွေကို ဖော်ပြပေးသွားမလဲဆိုတာ စောင့်မျှော်အားပေးကြပါဦး။